ပုဂံ-ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (Destination Management Organization (DMO) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ညောင်ဦး  မတ်  ၇

 ပုဂံ-ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (DMO)  လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပရာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ (DMO) ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ဖိတ်ကြားထားသည့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  DMO အဖွဲ့တွင် ပါဝင်သော အသင်းအဖွဲ့များ ဒေသခံများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပုဂံ-ညောင်ဦးခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီ (DMO) ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက (Destination Management Organization, DMO) ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍  ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသ စီမံခန့်ခွဲ ရေးကော်မတီ (DMO)  အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရှိ ဦးရဲနိုင်က ခရီးစဉ်ဒေသများ သန့်ရှင်းရေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ပုဂံ-ညောင်ဦးဒေသ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်များအသင်း၊ ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့နှင့် တာဝန်ရှိသူများကကော်မတီမှ လက်ရှိဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ်များ၊ ဒေသအတွက်အထိ ရောက်ဆုံး လုပ်ဆောင်ပေးနိုင်မည့်အချက်များကို အသီးသီးဝိုင်းဝန်းဆွေးနွေးကြသည်။

အဆိုပါ ပုဂံ-ညောင်ဦးခရီးစဉ် ဒေသစီမံခန့်ခွဲရေးကော်မတီ (Destination Management Organization DMO)ကို လုပ်ငန်းတာဝန် (၂၁)ချက်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း