ကျောက်ပန်းတောင်းမြို့နယ် တငါ့ကန်ကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြော

ကျောက်ပန်းတောင်း   မတ်   ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို၊ ယမန်နေ့ မွန်းလွဲ ၂ နာရီက တငါ့ကန်ကျေးရွာအုပ်စု၊ တငါ့ကန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားမစတင်မီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လမ်းပြကြယ် လက်ကမ်းစာစောင်ငယ်များကို ဒေသခံပြည်သူများထံ ဖြန့်ဝေပေးကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောသည်။

ထို့နောက် မြို့နယ်စီမံအဖွဲ့အတွင်းရေးမှူး ရဲမှူးစိုးအောင်က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာများကို ဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ မေးမြန်းမှုများအပေါ် အဖွဲ့ဝင်(၁) ဗိုလ်မှူးနောင်ထွန်းနီနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တငါ့ကန်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး/ဆယ်အိမ်မှူးနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား(၁၃၇)ဦး တက်ရောက်ခဲ့ကြောင်းသိရပြီး လမ်းပြကြယ် လက်ကမ်း စာစောင်စောင်ရေ(၁၁၅)စောင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)