မောက်မယ်မြို့နယ် ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

မောက်မယ် မတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ရပ်ကွက်များတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် E Mobile Tablet စနစ်ဖြင့် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နေ့လယ်ပိုင်းက အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဖြစ်သည့် အဆောက်အအုံစာရင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းကို လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်း၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ၊ ရပ်ကွက်စာရေးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့ငယ်များခွဲ၍ တစ်ဖွဲ့လျှင် ကောက်ကွက်တစ်ကွက် သတ်မှတ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နေ့စဉ်တာဝန်ကျအဖွဲ့များ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များတွင် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းကို အရှိန်အဟုန်မြင့် ကွင်းဆင်းကောက်ယူကြကြောင်း သိရသည်။

အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းကို မတ်လ ၃၁ ရက်နေ့အထိ အဆောက်အအုံတွင် လူနေ/မနေ၊ ကျား/မအရေအတွက်၊ အိမ်ထောင်ဦးစီးအမည်များကို မြို့နယ်လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဦးစီးဌာနမှ ကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် မောက်မယ်မြို့နယ်တွင် ရပ်ကွက်(၇) ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုရှိပြီး ကျေးရွာပေါင်း(၁၀၃)ရွာရှိကြောင်း ဦးစီးအရာရှိ ဦးငွေထွန်းထံမှ သိရသည်။                                                         

စိုင်းမျိုးသန့်(မောက်မယ်)