မိုင်းရယ် မတ် ၇
မိုင်းရယ်မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ် ထွေ/အုပ် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့ ပူးပေါင်း၍ မိုင်းရယ်မြို့ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့က စက်သုံးဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက မီးဘေးအန္တရာယ်ကျရောက်လာပါက မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ အသင့်ထားရှိမှုအခြေအနေ၊ အရေးပေါ် မီးငြှိမ်းသတ်ခြင်းဆိုင်ရာနည်းလမ်းများကို ကြည့်ရှုစစ်ဆေးပြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အဆိုပါပူးပေါင်းအဖွဲ့သည် စက်သုံးဆီဆိုင်များတွင် မီးသတ်ဆေးဘူးများ လုံလုံလောက်လောက်ထားရှိမှုအခြေအနေ၊ မီးချိတ်၊ မီးကပ်များ တပ်ဆင်ထားရှိမှု၊ လျှပ်စစ်မီးကြောင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီတာဘောက်များစစ်ဆေးခြင်း၊ ဆီသိုလှောင်ကန်များ စနစ်တကျ သိုလှောင်မှုရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)