နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံ၊ စက်မှုသီးနှံနှင့် နို့ထွက်ပစ္စည်း တိုးချဲ့ထုတ်လုပ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မတ် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဆီထွက်သီးနှံ၊ စက်မှုသီးနှံနှင့် နို့ထွက်ပစ္စည်း တိုးချဲ့ထုတ်လုပ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စပါးအပါအဝင် ဆီထွက်သီးနှံများ၊ စက်မှုကုန်ကြမ်းသီးနှံများကို သတ်မှတ်စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသည့် သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ မြေကို စနစ်တကျ ပြုပြင်သုံးစွဲရေး၊ စိုက်ပျိုးရေရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်စွာသုံးစွဲရေးနှင့် သီးထပ်စိုက်ပျိုးမှုများကို တိုးချဲ့စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် သီးနှံအလိုက် နှစ်ရှည်စီမံကိန်းများ ချမှတ်ပြီး သီးနှံအထွက်နှုန်း တိုးတက်ရေးကို ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်း ဆီထွက်သီးနှံများမှ ထုတ်လုပ်သည့် စားသုံးဆီဖြင့် လုံလောက်စေရန်နှင့် ပိုလျှံထုတ်လုပ်နိုင်ရန်အတွက် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေးကို ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးရေးအတွက် သွင်းအားစုများသုံးစွဲရေး နည်းပညာဖြန့်ဝေခြင်း၊ ဈေးနှုန်းများ သက်သာစွာဝယ်ယူနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူများအား သွင်းအားစု အစုအဖွဲ့များနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့်များ ပြန့်ပွားစေရန် မေထုန်မဲ့သားစပ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မျိုးထိန်းမျိုးပွားသုတေသနခြံများ ထူထောင်ပြီး မျိုးဖြန့်ဖြူးပေးခြင်း၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ အသိပညာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ရောဂါဖြစ်ပွားမှုထိန်းချုပ်ခြင်း၊ ကုသခြင်း၊ မွေးမြူရေးဇုန်များ ဖော်ဆောင်ရန် စီမံခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ နို့နှင့် နို့ထွက်ပစ္စည်းများ ဖူလုံအောင်ထုတ်လုပ်နိုင်ရေးအတွက် နို့စားနွားနှင့် နို့စားကျွဲများ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ၊ စက်မှုသီးနှံနှင့် နို့ထွက်ပစ္စည်းများ တိုးချဲ့ထုတ်လုပ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ဆီထွက်သီးနှံနှင့် စက်မှုသီးနှံ တိုးချဲ့ စိုက်ပျိုးနေမှုအခြေအနေများ၊ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများ၊ နေပြည်တော်အတွင်း နို့ထွက်ပစ္စည်းထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)