နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၇

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပွင့်လင်းရာသီရောက်ပြီဖြစ်သည့်အတွက်ကြောင့် အပူချိန်မြင့်မားလာခြင်းနှင့်အတူ လေပြင်းဘေးများကျရောက်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မီးဘေးများဖြစ်ပွားခြင်းများ ဖြစ်လာနိုင်သည့်အတွက် ရပ်ကွက်/ကျေးရွာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများ ရေးဆွဲပြီး လက်တွေ့အသုံးချနိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများကို အားလုံးက ပူးပေါင်းပါဝင်စီမံဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်းတွင် တက်ရောက်နေကြသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသဘောတရားများကို သေချာစွာ နားလည်သဘောပေါက်မှသာ သဘာဝဘေးလျော့ပါးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချ/ဆွေးနွေးမှုများအား စိတ်ဝင်တစား ဂရုတစိုက် သင်ယူမှတ်သားလေ့လာပြီး ရရှိသည့် အသိပညာ၊ ဗဟုသုတအတွေ့အကြုံများကို မိမိတို့ မြို့နယ်များတွင် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများကို ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ သင်တန်းတွင် သင်ကြားပို့ချမည့် သင်တန်းသုံးပစ္စည်းများအား ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလကို မတ် (၆)ရက်နေ့မှ (၈)ရက်နေ့အထိ သုံးရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)