ရန်ကုန် မတ် ၆
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဒါတရား ထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က (၅၈၅)ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ မွန်လွဲ(၁)နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တောင်ဘက် မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့အလှည့်ကျ သဘာပတိ ဦးမျိုးအောင်နှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၀င်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြ၀ါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်ဆရာတော်ဘဒ္ဒန္တဂုဏာလင်္ကာရထံမှ အခမ်းအနားသို့ တက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရား နာယူကြသည်။
ယနေ့ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော် ရွှေစင်ရွှေပြား အလှူရှင်(၃၁)ဦးက ရွှေပြားအချပ်(၃၃)ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင်(၁၆၃ )ဦး အပါအ၀င် လှူဒါန်းငွေ စုစုပေါင်း ၂၆၁၉၄၇၈၁၆၃ (ကျပ်သိန်းပေါင်းနှစ်သောင်းခြောက်ထောင်တစ်ရာကိုးဆယ့်လေးသိန်းခုနှစ်သောင်းရှစ်ထောင်တစ်ရာခြောက်ဆယ့်သုံး တိတိ) ဖြစ်ကြောင်းသိရသည် ။
အောင်မြင့်(ပြန်/ဆက်)