ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း စစ်ဆေးမှုများ ဆောင်ရွက်

ပုဇွန်တောင် မတ် ၆

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုူံးမှုများကင်းဝေးစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယ‌နေ့နံနက် ၁၀ နာရီတွင်လည်း အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့်ဆိုင်များသို့ မီးသုံးစွဲမှုစနစ်တကျရှိစေရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေအိမ်များအတွင်း သွယ်တန်းထားသည့် ဝါယာကြိုးဟောင်းနွမ်း ပေါက်ပြဲမှု ရှိ/မရှိ၊ ချက်ပြုတ်သည့်နေရာများတွင် အသုံးပြုသည့် မီးဖိုများအား ချက်ပြုတ်ပြီးပါက ငြှိမ်းသတ်မှု ရှိ/ မရှိ၊ လျှပ်စစ်ပစ္စည်းများအား သုံးစွဲပြီးပါက ခလုတ်များနှင့် မီးပလပ်များဖြုတ်ခြင်း ရှိ/မရှိ၊ မီးငြှိမ်းသတ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်များ ပြင်ဆင်ထားရှိမှု ရှိ/မရှိတို့ကို တာဝန်ရှိသူများက စစ်ဆေးခဲ့ပြီးနောက် မီးလောင်ပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊ မီးလောင်မှုအမျိုးအစားအလိုက် မီးလောင်မှုမကြီးမားခင် ပြည်သူများကိုယ်တိုင် ငြှိမ်းသတ်နိုင်သည့် နည်းစနစ်များနှင့် မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ်မထိခိုက်စေရေးအတွက် ဆောင်ရွက်ရမည့်အချက်အလက်များကို အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းများကို ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်လင်းဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

ဟန်စုယဉ်