မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ ဟောပြောပွဲဆောင်ရွက်

မချမ်းဘော မတ် ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်လာစေရန်နှင့်  စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာဖတ်ရှိန်မြှင့်တင်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲ စာအုပ်ပြပွဲနံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ 

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က လူငယ် နှင့် ပြည်သူ့နီတိခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောရာတွင် ကျောင်းသားလူငယ်များ ငယ်စဥ်ကစ၍ လိုက်နာကြရမည့် ကျင့်ဝတ်များ၊ စည်းကမ်းများနှင့် ရှောင်ရှားရမည့် အကျင့်ဆိုးများကို လည်းကောင်း လူသားတိုင်းလိုက်နာကြရမည့် အခြေခံပြည်သူ့နီတိများကိုလည်းကောင်း ထည့်သွင်း ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲသို့ ဆက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးတို့က ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)