ရန်ကင်း မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပြည်သူများအသိပညာ ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ အသိညာပေးလုပ်ငန်းများစွာဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က နွေရာသီကာတွန်းရေးဆွဲနည်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စာရေးဆရာမြင့်မောင် (Phil-Q)နှင့်စာရေးဆရာမောင်ယဉ်ဝေတို့က အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်လှလှထွေးက နွေရာသီကျောင်းပိတ်ကာလတွင် ကျောင်းသား/သူလေးများအား အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ကာတွန်းအခြေခံရေးဆွဲ သင်ကြားခြင်းဖြင့် မျဉ်းကွေး၊ မျဉ်းဖြောင့်တို့၏ သဘောသဘာဝ၊ ကာလာစပ်နည်းအထောက်အကူပြုစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး သင်ကြားပို့ချမည့် သင်တန်းနည်းပြ ဒေါ်အေးချမ်းအိမ်က တက်ရောက်ကြမည့် သင်တန်းသား/သူလေးများအား သင်တန်းပို့ချမည့် အကြောင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ရန်ကင်း၊ တောင်ဥက္ကလာပမြို့ပေါ်ရပ်ကွက်များမှ ကျောင်းသား/သူ(၂၀)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းချိန်မှာ နံနက်(၉) နာရီမှ(၁၁)နာရီထိ သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလမှာ(၆-၃-၂၀၂၄)ရက်နေ့မှ (၁၂-၃-၂၀၂၄)ထိ (၇)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)