ပျဉ်းမနား မတ် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သနပ္ပင်ဆိပ်ကျေးရွာအုပ်စု၊ သနပ္ပင်ဆိပ်အရှေ့ပရိယတ္တိစာသင်ကျောင်းတိုက်၌ အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်တိုင်းသာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးမြင့်အောင်၊ မြို့နယ်သာသနာရေးမှူး ဉီးသိန်းနိုင်ထူးနှင့် ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များတက်ရောက်ကြည်ညိုခဲ့ကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာသနပ္ပင်ဆိပ် အရှေ့ကျောင်းတိုက်ကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တစန္ဒောဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဉီးမြင့်စိုးက နဝကမ္မအလှူငွေများနှင့် ဥပ္ပါတသန္တိကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ အသံမစဲ ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူဇော်ပွဲကို မတ်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)