ပူတာအို မတ် ၆
မြန်မာနိုင်ငံမြောက်ဖျားပိုင်း ရေခဲတောင်များဝန်းရံနေသည့် ပူတာအိုမြို့နယ်တွင် ရေခဲတောင်ခြေ ကျေးရွာများတွင် ဒေသအခေါ်အဝေါ်အရ အလေချီ (ဟင်းခတ်အမွေးအကြိုင်) အပင်များအား တွင်ကျယ်စွာ စိုက်ပျိုးလာကြရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ ဧက(၄၀၉၀)ဧက ခန့်စိုက်ပျိုးထားကြောင်း သိရသည်။
အလေချီ (ဟင်းခတ်အမွှေးအကြိုင်)များကို အကင်များအတွက် အသားများနှယ်ရာတွင် အမွှေးအကြိုင်အဖြစ်သော်လည်းကောင်း၊ စွပ်ပြုပ်ချက်ပြုပ်ရာတွင် လိုအပ်သလို အမွှေးအကြိုင်အဖြစ် ထည့်သွင်း၍ သော်လည်းကောင်း၊ ဟင်းများချက်ရန် ဆီသန့်ရာတွင်လည်းကောင်း၊ မာလာရှမ်းကော ဟင်းနှစ်များတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
အလေချီ (ဟင်းခတ်အမွှေးအကြိုင်) များကို ယခင်နှစ်က တစ်ပိဿာလျှင် တစ်သောင်းဝန်းကျင်သာ ဈေးရရှိခဲ့ရာမှ ယခုနှစ်တွင် တစ်ပိဿာလျှင် နှစ်သောင်းကျပ်မှ သုံးသောင်းဝန်းကျင်ရရှိသဖြင့် အလေချီစိုက်ပျိုးသည့် တောင်သူများအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။ အလေချီ(ဟင်းခတ်အမွှေးအကြိုင်)များကို ယခင်က အိန္ဒိယနိုင်ငံသို့ အများအားဖြင့် တင်သွင်းလျက်ရှိပြီး ယခုအခါ ပူတာအိုဒေသတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထုတ်လုပ်ပြီး ဖြန့်ချီနိုင်တော့မည်ဖြစ် သဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိတော့မည်ဖြစ်သည်။
အဆိုပါ အလေချီ (ဟင်းခတ်အမွှေးအကြိုင်) အပင်များသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၀၀ ပေဝန်းကျင်တွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် အိမ်ခြံဝင်း၌ သော်လည်းကောင်း၊ စိုက်ခင်းများဖြင့်သော်လည်းကောင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)