မိုင်းတုံ မတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအဖွဲ့နှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အခုလိုအသင်း အဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ယာဉ်ပိုင်များကိုခေါ်ယူညှိနှိုင်းရခြင်းသည် တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်ပြီး ထိထိရောက်ရောက်တားဆီးနိုင်ရေး၊ ကုန်သွယ်မှုလမ်းကြောင်းစနစ်ကို သိရှိစေရေး၊ လုပ်ငန်းရှင်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် ထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေး၊ ယာဉ်အသင်းများကလည်း မိမိယာဉ်လိုင်းနှင့်ပတ်သက်ပြီး စနစ်တကျစီစစ်နိုင်ရေး၊ ကုန်တင်ယာဉ်များအားလုံး မှတ်ပုံတင်၍ သတ်မှတ်အသင်းဝင်ဖြစ်လာရေးစသည်တို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။ ထို့နောက် မိုင်းဆတ်ခရိုင်၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောကလိုမှူးက တရားမဝင်ကုန်သွယ်မှုကြောင့် အဂတိလိုက်စားမှုများဖြစ်ပေါ်စေခြင်း၊ အမှန်တကယ်လုပ်ကိုင်နေသူများကိုထိခိုက်နစ်နာစေခြင်း၊ တရာမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြီး တရားမဝင်ကုန်သွယ်မှုများတိုက်ဖျက်ရာတွင် "အမျိုးသားရေးတာဝန်" တစ်ရပ်အနေဖြင့် လုပ်ငန်းရှင်များကလည်း ဌာနဆိုင်ရာများနှင့်အတူ လက်တွဲကာ ဝိုင်းဝန်းပါဝင်ပေးကြရန်ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ယာဉ်ပိုင်များမှ အပြန်အလှန်ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မြို့နယ်၊ ပြန်/ဆက်)