ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ငါန်းဇွန် မတ် ၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နှင့် အခွင့်အလမ်း” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင် ဗဟုသုတတိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ အဖွဲ့ဝင် မစုဝေမာက “လူငယ်နှင့်အခွင့်အလမ်း” ခေါင်းစဉ်ဖြင့် ကိုယ်လုပ်ကိုင်နေရတဲ့ အလုပ်အပေါ်မှာ နည်းပညာ၊ အသိပညာ၊ အတတ်ပညာ၊ လုံ့လစိုက်ထုတ်မှုတွေဟာ အများကြီးမြှင့်တင်ကြိုးစားကြဖို့ လိုကြောင်း၊ သူတစ်ပါးကို လက်ညှိုးထိုးအပြစ်ဖို့ပြီး ပေါ့ပေါ့တန်တန်နဲ့ အချိန်ကို မဖြုန်းတီးကြစေလိုကြောင်းကိုလည်းကောင်း၊ မနှင်းဧကရီခိုင်က “ကံ၊ ကံရဲ့အကျိုး” ခေါင်းစဉ်ဖြင့် ကောင်းသောကံတို့ကို ပြုမူပြောဆိုပါက ထိုသူမှာ ကောင်းကျိုးရစေကြောင်း၊ ကံနဲ့ ကံရဲ့အကျိုးကို မသိရှိသူတွေက တဒင်္ဂကို အစဉ်ထာဝရထင်မှတ်မှားပြီး မာနတံခွန် ထူတတ်၊ မှားတတ်၊ ဆိုးတတ်၊ မိုက်လေ့ရှိရာ ဒုစရိုက်အမှုပြုလိုက်မိကြပါကြောင်း၊ ကောင်းကျိုးနဲ့ ဆိုးပြစ်ကို ဝေခွဲပိုင်းခြားနိုင်စွမ်းမရှိက ထိုသူအတွက် ဘဝလမ်းဟာ မဖြောင့်တန်းနိုင်ကြောင်းကိုလည်းကောင်း၊ မအိအိသိမ့်က “အဆိုးနဲ့အကောင်း” ခေါင်းစဉ်ဖြင့် လောကကြီးမှာ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုတာတွေက လူရဲ့အလိုဆန္ဒနဲ့ အခြေခံပြီး သတ်မှတ်တိုင်းတာနေကြတာဖြစ်ကြောင်း၊ လောကနဲ့ လူသားအဖွဲ့အစည်းကို ဆိုးကျိုးပေးတဲ့ တစ်စုံတစ်ဦးရဲ့ ကံသုံးပါး၊ အထူးသဖြင့် အတ္တနဲ့ မာနလွန်ကဲတဲ့ အမြင်သဘောထားတွေဟာ ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီးတဲ့အရာတွေသာ ဖြစ်ကြောင်း “လူငယ်နဲ့ အခွင့်အလမ်း” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။                      

သက်နောင်ဦး(ငါန်းဇွန်)