ညောင်ရွှေ နိုဝင်ဘာ ၄
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အသုံးပြုမည့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းနှင့် ကျန်းမာ ရေးအထောက်အကူပြုပစ္စည်းများအား ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ခွဲဝေဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များကို ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော အဖွဲ့ ၈ ဖွဲ့ဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ခွဲဝေထုတ်ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီး မဲရုံတာဝန်ရှိသူများ ဝတ်ဆင်အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဝတ်စုံ၊ ခေါင်းစွပ်၊ မျက်မှန်၊ လက်အိတ်၊ ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာအကွယ်များ၊ လက်သန့်စင်ဆေးရည်များ၊ လည်ဆွဲကတ်များကို ထုတ်ပေးခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ညောင်ရွှေမြို့နယ်အတွင်း ရပ်ကွက် (၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၄ အုပ်စုရှိ မဲရုံပေါင်း ၁၄၃ ရုံ အတွက် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် ၂၃၈၁ အုပ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ် ၂၃၈၁ အုပ်၊ ပြည်နယ်လွှတ်တော်အမှတ်(၁) ဆန္ဒမဲလက်မှတ် ၁၁၈၉ အုပ်၊ ပြည်နယ်လွှတ်တော် အမှတ်(၂) ဆန္ဒမဲလက်မှတ် ၁၁၉၂ အုပ်၊ ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော် ဆန္ဒမဲလက်မှတ် ၉၈ အုပ်၊ လီဆူးတိုင်းရင်းသားလူမျိုးလွှတ်တော် ဆန္ဒမဲလက်မှတ် ၅ အုပ်၊ အင်းသားတိုင်းရင်းသားလူမျိုး လွှတ်တော် ဆန္ဒမဲလက်မှတ် ၁၃၁၈ အုပ်တို့ကို ခွဲဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ