မော်လမြိုင်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်စစ်ဆေးမှုများဆောင်ရွက်

မော်လမြိုင် မတ် ၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများကျင်းပပြုလုပ်မည့် စာစစ်ဌာနများ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့မွန်းလွဲပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များစုပေါင်း၍ မော်လမြိုင်မြို့အတွင်းရှိ စာစစ်ဌာန(၄)ခုအား မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ မီးဘေးကြောင့်ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ မီးကိုစနစ်တကျအသုံးပြုတတ်စေရေး၊ အမှိုက်သရိုက်များစနစ်တကျစွန့်ပစ်စေရေး၊ လျှပ်စစ်ဝိုင်ယာကြိုးများ ပေါက်ပြဲမှုရှိ/ မရှိ၊ မီးခလုတ်များ ဟောင်းနွမ်းပျက်စီးနေပါက လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် အသစ်လဲလှယ်အသုံးပြုစေရေး၊ မီးချိတ်/ မီးကတ်/ သဲများ အသင့်ထားရှိရေး၊ ရေလှောင်ကန်များတွင် ရေအသင့်ဖြည့်တင်းထားရှိစေရေးနှင့် မီးသတ်ဆေးဘူးများစနစ်တကျ အသုံးပြုတတ်စေရန် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)