ရေရရှိရေးစနစ်များအခြေပြုထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲနှင့် ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနား ပြုလုပ်ကျင်းပ

တောင်သာ မတ် ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် ပူပြင်းခြောက်သွေ့သောနွေရာသီ၌ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာတွင် ရေရရှိရေးလုပ်ငန်း ရာနူန်းပြည့်ဆောင်ရွက်ပြီးစီးသဖြင့် ရေရရှိရေးစနစ်များအခြေပြုထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲနှင့် ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက သင်တန်းနှင့်အခမ်းအနားဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကာ ကျေးရွာရေပေးဝေရေးကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်မှုမှတ်တမ်းလွှာများကို တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲနှင့် လွှဲပြောင်းအပ်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုဘတ်ဂျက် ၃၃.၉၅၇ သန်းဖြင့်ဆောင်ရွက်သော ဗျိုင်းအင်းကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရန်ပုံငွေ ၁၅သန်း ပြည်သူထည့်ဝင်ငွေ ၄.၁၇ သန်းတို့ဖြင့် ဆောင်ရွက်ခဲ့သော ကြည်အိုင်ကန်တောတိုက်ကျေးရွာတို့မှ ရေပေးဝေရေးကော်မတီဝင်များ၊ စုစုပေါင်း ၁၄ ဦး၊ ဖိတ်ကြားထားသော  မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးလက်ဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းနှင့် ရေရရှိရေးစနစ်များ အခြေပြုထိန်းသိမ်းနည်းသင်တန်းကို ကျေးရွာရေပေးဝေရေးကော်မတီများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန၊ ဦးစီးအရာရှိ(နည်းပညာ)၊ ဒေါ်ခင်မာပိုက စက်ရေတွင်းထိန်းသိမ်းခြင်းဆိုင်ရာများ၊ ရေဖိုးရေခကောက်ခံခြင်း၊ စာရင်းပြုစုထိန်းသိမ်းခြင်းဆိုင်ရာများကို သင်တန်းကာလ တစ်ရက်တာဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)