သိန္နီ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးပျို့မောင်က နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနေ့တွင် ဌာနဆိုင်ရာ တာ၀န်ရှိသူများအနေဖြင့် မိမိတို့တာဝန်ကျရာ မဲရုံများအလိုက် ကြီးကြပ်ဆောင်ရွက်ရန်နှင့် ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် ဆွေးနွေးခဲ့သည်။
ထို့နောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်မိုးအောင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရေး တိုက်တွန်းဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မံရုံအလိုက်ကြီးကြပ်ရန် တာဝန်ပေးအပ်ထားသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဖိုးချို (ပြန်/ဆက်)