စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

စဉ့်ကူး မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်သန်း ရေးသားသည့် “ဘဝကိုအဆုံးအဖြတ်ပေးတဲ့အသက်နှစ်ဆယ်ကျော်အရွယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေခြင်း၊ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ခြင်းဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များတိုးပွားလာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ ချစ်သန်း ရေးသားသည့် “ဘဝကိုအဆုံးအဖြတ်ပေးတဲ့အသက်နှစ်ဆယ်ကျော်အရွယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Book Club အဖွဲ့ဝင် မခိုင်နှင်းဦးက “အသက်နှစ်ဆယ်ကျော်ဆိုတာအိပ်မက်မက်နေရမယ့်အရွယ်မဟုတ်၊ ရည်မှန်းချက်တိကျ ရှင်းလင်းနေရမယ့်အရွယ်ဖြစ်တယ်” ခေါင်းစဉ်ပါအချက်အလက်များကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက မိမိတို့၏အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန်ဝိုင်းဝန်းဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)