မိုင်းရယ် မတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၄ ခုနှစ်၊ G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/သူများ အေးချမ်းလုံခြုံချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန အပြင်စည်းလုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးနှင့် အုပ်ချုပ်မှုဆိုင်ရာတာဝန်များ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းတာဝန်များ ခွဲဝေဖွဲ့စည်းခြင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ/မများ၊ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ရပ်ဖများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနဆိုင်ရာများနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များကို စာမေးပွဲဖြေဆိုမည့် နေ့ရက်များအလိုက် အပြင်စည်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရန် အဖွဲ့များ ဖွဲ့၍ တာဝန်များ ခွဲဝေပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းရယ်ပြန်/ဆက်