မိုင်းဆတ် မတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မတ်လ(၄)ရက်နေ့ နံနက်ပိုင်းက မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်းရှိ မယ်ကြုတ်ကျေးရွာ၊ မဟုန်လွယ်ကျေးရွာနှင့် မအို့ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမားပပျောက်ရေးသိကောင်းစရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများကို အကျယ်တဝင့် အသိပညာပေးဟောပြောကာ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းမြင့်နိုင်က သစ်တောသစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးဆိုင်ရာများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်က လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့် အကြောင်းအရာများနှင့် တော၊ တောင်၊ ရေမြေကာကွယ်ထိန်းသိမ်းရေးဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး ကျေးရွာနေပြည်သူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိနိုင်သည့် ဆိုးကျိုးများအကြောင်းကို အသိပညာပေးနံရံကပ်စာစောင်များဖြင့် ပြသထားရာ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)