မောက်မယ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့မှု(MCCT) ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မောက်မယ် မတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ဒုတိယအကြိမ်(MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းရုံးမှဦးစီးအရာရှိ  ဒေါ်ချိုချိုလွင်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက် ၂ နှစ်အောက် ကလေးသူငယ်များအားငွေကြေးထောက်ပံ့မှု(MCCT) ထောက်ပံ့ကြေးပေးအပ်ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ပေးအပ်ပွဲတွင် မိမိရပ်ကွက်အတွင်းရှိ အသက် ၂ နှစ်အောက် ကလေးငယ်များ (၇)ဦးအတွက် တစ်ဦးလျှင် ကျပ်လေးသောင်းငါးထောင်နှုန်းဖြင့်လည်းကောင်း၊ စာရင်းအသစ်သွင်းထားသော ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန် (၂)လရှိ မိခင်တစ်ဦးအတွက်(၁၅၀၀၀)ကျပ်၊ ကိုယ်ဝန်(၃)လရှိ မိခင်တစ်ဦးအတွက် (၃၀၀၀၀)ကျပ်၊ ကိုယ်ဝန်(၄)လနှင့်အထက်ရှိ မိခင်တစ်ဦးအတွက် (၄၅၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း စုစုပေါင်းအကျိုးခံစားခွင့်ရှိသူ  ကိုယ်ဝန်ဆောင်မိခင်များ (၁၁)ဦးနှင့် အသက် ၂ နှစ်အောက် ကလေး(၇)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း (၆၄၅၀၀၀/−)ကျပ်အား ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ထံ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)