မန်ကန် မတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် အများပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက် (၁၀)နာရီက မန်ကန်စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဖြန့်ဝေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ခံနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ လက်ကမ်းစာစောင်စောင်ရေ (၂၇၀) အားပြည်သူများ လက်ဝယ်အရောက် အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် “ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံး ရတာလဲ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းအရာများ ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
အေးကပ်(မန်ကန်၊ပြန်/ဆက်)