ဝိုင်းမော် နိုဝင်ဘာ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရန်အတွက် မဲရုံများ တာဝန်ယူကြီးကြပ်မည့် ဌာနဆိုင်ရာများအား မြို့နယ်လုံခြုံရေးနှင့်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ပေး အပ်ခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်လုံခြုံရေးနှင့်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက နိုဝင်ဘာ (၈) ရက်နေ့တွင် ပြည်သူများအဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံ များအား ကြီးကြပ်ရန် တာဝန်များပေးအပ်ထားပြီးဖြစ်ကြောင်း၊ မဲရုံးမှူး၊ ဒုမဲရုံမှူးများနှင့် ပူးပေါင်း ၍ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ထွန်းက မဲရုံများကြီးကြပ် တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာတာဝန်ရှိသူများ သိရှိလိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိန်းမြို့က ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မဲရုံများတာဝန်ယူကြီးကြပ်မည့် ဌာနဆိုင်ရာများ အနေဖြင့် သိရှိသင့်သည့်အချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြီးကြပ်ရန် လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဝိုင်းမော်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၄၀)အုပ်စု၊ မဲရုံပေါင်း (၅၈)ရုံ၊ ဆန္ဒမဲ ပေးခွင့်ရှိသူ (၉၄၁၅၃) ဦးရှိပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၁၁၅၈) ဦးနှင့် ဌာဆိုင်ရာအကြီးအကဲများမှ အတူတကွပူးပေါင်း၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခိုင်သက်မွန်(ပြန်/ဆက်)