တန့်ယန်း နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိပြီးသော ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ မြို့မရပ်ကွက်အသီးသီးရှိ မဲရုံများအား ယမန်နေ့ ညနေပိုင်းက လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် မဲရုံပေါင်း (၇၉)ရုံရှိရာ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းသည် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းစံအေးနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် မြို့မရပ်ကွက် အသီးသီးရှိ မဲရုံများအား လှည့်လည်ကြည့်ရှုပြီး ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး (ပြန်/ဆက်)