မိုင်းရယ် မတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ဝင်ကြေးအခမဲ့ ဖြင့် မြို့မအားကစားကွင်းတွင် မတ် ၂ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခမဲ့သင်ကြားပေးမည့်သင်တန်းများတွင် ဘောလုံး၊ စားပွဲတင်တင်းနစ်နှင့် အေရိုးဗစ်(အလွတ်တန်း)တို့ပါဝင်ပြီး ဘောလုံးအားကစားကို အသက် (၇) နှစ်မှ (၁၅) နှစ် အတွင်းရှိသူများ၊ စားပွဲတင်တင်းနစ်အားကစားကို အသက် (၉) နှစ်မှ (၁၅) နှစ်အတွင်းရှိ သူများသာ လက်ခံသင်ကြားပေးလျက်ရှိသည်။
နွေရာသီအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်ရှည်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အတတ်ပညာတစ်ခုခုကို တတ်သိသွားစေရန်နှင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သည့် အနာဂတ်သားကောင်းရတနာများ ဖြစ်ထွန်းလာ စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများကို အဓိကရည်ရွယ်ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်၍ အသက်ကန့်သတ်ထားခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခမ်းမိုက ရှင်းလင်းပြောကြားသည်။
မိုင်းရယ်ပြန်/ဆက်