မဘိမ်း နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးရာတွင် ရွေးကောက်ပွဲနေ့၌ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားမဲဆန္ဒရှင်များက ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် သတ်မှတ်နေရာအသီးသီးတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိပြီး ကြိုတင်ဆန္ဒမဲများ ပေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံတွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
မဘိမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း(၄၄)ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၃၂၉၁၈ ဦး ရှိပြီး ယနေ့အထိ ကြိုတင်ဆန္ဒမဲပေးသူပေါင်း ၂၄၀၈ ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)