ဒေါပုံ နိုဝင်ဘာ ၄
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်းပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော စျေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုသည့် အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရန် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်နှင့် ညီနောင်လုပ်ငန်းရှင် အသင်းများမှ ပူးပေါင်း၍ သန့်ရှင်းလတ်ဆတ်သော သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စျေးကားများဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။
ထို့သို့ရောင်းချပေးသော စားသောက်ကုန်ပစ္စည်းများ၊ သန့်ရှင်းလတ်ဆတ်သော သား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် အသင့်ထုပ်ပိုးပြီး ရေချို / ရေငန်ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို လူတန်းစားမရွေး ဝယ်ယူနိုင်သည့် အလေးချိန်များနှင့် စျေးနှုန်းသက်သာစွာ ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။
သဲစုစုလွင်(ပြန်/ဆက်)