မုံးထ မတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မုံးထမြို့ရှိ အောင်သိဒ္ဓိဘုန်းကြီးကျောင်း၌ စတုတ္ထအကြိမ်မြောက် နေ့/ညအသံမစဲ မဟာပဋ္ဌာန်းအဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရောင်ခြည်တော်ဖွင့်ဘုရားပင့် ဂါထာတော်ကို မုံးထော်ကျောင်းဆရာတော် ဥူးကုဝေရက ရွတ်ဖတ်ပူဇော်ခြင်း၊ ရွှေတောင်သာသနာပြုကျောင်းတိုက်မှ မဟာသဒ္ဓမ္မဇောတိကဓဇဆရာတော် ဦးစန္ဒိမာထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် ဥူးအရိယဝံသမှ ပဌာန်းတရားနားကြားရန် နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ဆရာတော်ဥူးသီလာစာရမှ မဟာပဋ္ဌာန်းသေနာတော်မြတ်ကို ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနှိုးဆော်လွှာ ဂါထာဖြင့် ဖတ်ကြားပြီးနောက် သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသော ပါဠိဂါထာတော်ဖြင့် သံပြိုင်ရွတ်ဆိုပြီး အလှည့်ကျဘာဏကဆရာတော်မှ အဘိဓမ္မာ (၇) ကျမ်းကိုစတင် ရွတ်ဖတ်ပူဇော်ခဲ့သည်။
အဆိုမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်၊ အင်္ဂါနေ့၊ မုံးထမြို့ အောင်သိဒ္ဓိဘုန်းကြီးကျောင်းတွင် ပြုလုပ်သော စတုတ္ထအကြိမ်မြောက် အသံမစဲအဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို သံဃာတော်များမှ အလှည့်ကျဖြင့် ၅-၃-၂၀၂၄ ရက်နေ့မှ ၉-၃-၂၀၂၄ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သန်းထွန်းအောင်(ပြန်/ဆက်)