ညောင်ဦး မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/ မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ /အလုပ်ရုံများ၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ စျေးများ၊ ဌာနဆိုင်ရာ ရုံးများနှင့် အခြားမီးဘေးစိုးရိမ်ရသော လုပ်ငန်းများ အပါအဝင် ဘုန်းတော်ကြီး ကျောင်းများကိုလည်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေး ဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းရပ်များအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
မတ် ၅ ရက်နေ့တွင်လည်း ညောင်ဦးမြို့ အမှတ် ၆ ရပ်ကွက်၊ အောင်မြေသာရပ်ရှိ ဆောက်လုပ်ဆဲ RC ၃ ထပ် အဆောက်အဦ မီးဘေးလုံခြုံမှု ရှိစေရေးအတွက် မီးဘေးလုံခြုံရေးနှင့် အရေးပေါ် လွတ်မြောက်မှုဆိုင်ရာ စနစ်များ တစ်ပါတည်း ထည့်သွင်းတည်ဆောက်နိူင်ရန် မီးသတ်ဦးစီးဌာန၏ FSC လက်မှတ် လျှောက်ထားရယူစေရေးနှင့် အမှတ် ၅ ရပ်ကွက်၊ သီရိပစ္စယာ တိုးချဲ့ ၅ ရပ်ရှိ ဖိနပ်ဆိုင်နှင့် ဧည့်ရိပ်သာလုပ်ငန်း မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ သွားရောက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး FSC လျှောက်ထားရယူရေး ဆောင်ရွက်သွားရန် အကြံပြုခြင်း၊ အရေးပေါ် မီးငြှိမ်းသတ်ရေးလုပ်ငန်းအတွက် ရေသိုလှောင်ထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီး သွယ်တန်းအသုံးပြုမှု အခြေအနေများ၊ မီးသတ်ယာဥ် ဝင်/ထွက်လမ်းများ စစ်ဆေးအကြံပြုခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်ရေးနှင့် အရေးပေါ် လွတ်မြောက်မှုဆိုင်ရာ စနစ်များ တပ်ဆင်ထားရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေး အကြံပြုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း