ဒေးဒရဲမြို့၌ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများ လက်ဝယ်အရောက် လူမှုရေးပင်စင်များ လိုက်လံထောက်ပံ့

ဒေးဒရဲ မတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ထောက်ပံ့ငွေများအား ယမန်နေ့ညနေ (၃) နာရီကစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများလက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်နီနီမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြို့ပေါ် (၃) ရပ်ကွက်အတွင်းရှိ ဘိုးဘွား (၇) ဦး၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးလျက်ရှိပြီး  ကျေးရွာများရှိ ဘိုးဘွား (၇၁၃) ဦးအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ထောက်ပံ့ပေးလျက်ရှိရာ ဒေးဒရဲမြို့နယ်အတွင်း အသက် (၈၅) နှစ်နှင့်အထက်ရှိသူ (၇၈၅) ဦးအား ၂၀၂၃ခုနှစ် (အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာ) လများအတွက် တစ်ဦးလျှင် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေ (၂၃၅၅၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း