ပူတာအိုမြို့နယ်၌ မုန်လာထုပ်စိုက်ခင်းများ အထွက်နှုန်းကောင်းမွန်သဖြင့် တောင်သူများ အပိုဝင်ငွေရရှိ

ပူတာအို မတ် ၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း ယခုနှစ်စိုက်ပျိုးရာသီတွင် မုန်လာထုပ်စိုက်ခင်းများအထွက် နှုန်းကောင်းမွန်ခြင်းနှင့် မုန်လာထုပ်များ ဈေးကောင်းရရှိသဖြင့် မုန်လာထုပ်စိုက်ပျိုးတောင်သူများ အပိုဝင်ငွေရရှိကြောင်း သိရသည်။

“ဦးလေးကတော့ ဒီမုန်လာထုပ်စိုက်ခင်းလုပ်ငန်းလုပ်ကိုင်လာတာ နှစ်(၃၀)ခန်းရှိပါပြီ။ ဒီနှစ်လည်း အလုံး (၅၀၀၀)ခန့်တော့ စိုက်ပျိုးထားပါတယ်။ အဲဒီတော့ မုန်လာထုပ်တွေကို အခင်းမှာလည်း ရောင်းရသလို မြို့ပေါ်ကို ပို့ပြီးလည်းရောင်းရပါတယ်။ မြို့ပေါ်ရောင်းရတာနဲ့ အခင်းမှာရောင်းရ တာတော့ ဈေးကတော့အနည်းငယ်ကွာတာပေါ့။ ဒီနှစ်တော့ မနှစ်တုန်းကထက်တော့ ရမယ်လို့ မျှော်မှန်းထားပါတယ်” ဟု မုဒုံ-၂ ကျေးရွာနေ မုန်လာထုပ်စိုက်ခင်းလုပ်ငန်းလုပ်ကိုင်သူ အသက် (၅၀)ကျော်အရွယ်ရှိ ဦးအားတီဆဲက ပြောသည်။

အဆိုပါ မုန်လာထုပ်များကို ယခင်နှစ်က မြို့ပေါ်ဈေးများတွင် တစ်လုံးလျှင်(၄၀၀)ကျပ်မှ (၅၀၀)ကျပ် အထိသာ ရရှိခဲ့ရာမှ ယခုနှစ်တွင် တစ်လုံးလျှင် ကျပ်(၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ကြားရရှိပြီး စိုက်ခင်းများအတွင်း ရောင်းချပါက တစ်လုံးလျှင် (၁၀၀၀)ကျပ်ရရှိကြောင်း သိရသည်။

ယင်းမုန်လာထုပ် စိုက်ပျိုးရေးလုပ်ငန်းများကို ပူတာအိုမြို့နယ်အတွင်းရှိ နမ်ပလန့်ချောင်းတစ်လျှောက် ကျေးရွာများက ချောင်းတစ်လျှောက် နုံးမြေတင်သည့် မြေနေရာများတွင် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ယခင်နှစ်ထက် မုန်လာထုပ်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိခြင်းကြောင့် ဒေသခံမုန်လာထုပ်စိုက်ခင်းလုပ်ကိုင်နေသည့် တောင်သူများ အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)