နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မတ် ၅

နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့်  ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန်၊  နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လမ်းအသုံးပြုသူများကို လေ့ကျင့်ပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ခိုင်ခိုင်မာမာပြဋ္ဌာန်းခြင်း၊ စည်းကမ်းလိုက်နာရေးကို ဆောင်ရွက်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် လမ်းညွှန်း၊ လမ်းအမှတ်အသားများ၊ အချက်ပြများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီဖြစ်စေရေး၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ(NRSC)မှ  ချမှတ်ထားသည့် Quick Win လုပ်ငန်းအစီအမံ(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)