တန့်ယန်း မတ် ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် နေမိန္ဓရ ကုန်းတော်ပေါ်၌ တည်ထားသည့် ဉာဏ်တော် ၁၀၈ ပေအမြင့်ရှိ အောင်တော်မူစေတီတော်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ကြီး တင်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ရွှေထီးတော်ကြီး တင်လှူပူဇော်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ကျန်းမာရေးစသည့်လုပ်ငန်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့တွင် ပါဝင်ကြသည့် ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)