ကျိုင်းတုံမြို့၌ တစ်နှစ်လျှင် တစ်ရက်သာ ကျင်းပသည့် စော်ဘွားဈေးနေ့၌ လာရောက်လည်ပတ်သူများဖြင့် စည်းကား

ကျိုင်းတုံ မတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ၏ ထုံးတမ်းအစဉ်အလာရ တစ်နှစ်လျှင် တစ်ရက်သာကျင်းပသော စော်ဘွားဈေးနေ့ကို ယနေ့တွင် ပါလျှံမြို့ရိုးတံခါးအနီး၊ စော်ဘွားအုတ်ဂူဟောင်းရှေ့၊ လွိုင်မွေလမ်း၊ ဈေးတမ်းကြီးလမ်းနှင့် စျေးတမ်းလေးလမ်းတစ်လျှောက်တို့တွင် ကျင်းပရာ ဈေးရောင်းချသူများ၊ လာရောက်လည်ပတ်သူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

စော်ဘွားဈေးနေ့တွင် ဒေသထွက်သီးနှံများ၊ အစားအစာများ၊ တိုင်းရင်းသားရိုးရာအဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများကို ရပ်နီးရပ်ဝေးမှ လာရောက်ဈေးရောင်းချသူများ၊ ဈေးဝယ်သူများ၊ အမှတ်တရဓာတ်ပုံရိုက်ကူးကြသူများဖြင့် အထူးစည်ကားပြီး ဈေးသို့ လာ‌ရောက်သူများက စော်ဘွားအဆက်ဆက် အရိုးအိုးများ မြှပ်နှံရာ အုတ်ဂူရှစ်ခုတွင် သစ်သီး၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ပူဇော်ပသကြသည်။

ရှမ်းတိုင်းရင်းသားများ၏ ရှေးဓလေ့ထုံးတမ်းအစဉ်အလာမပျက် တစ်နှစ်လျှင် တစ်ရက်သာ‌ ရောင်းချလေ့ရှိသည့် စော်ဘွားဈေးသို့ လာရောက်သူအားလုံးသည် ကောင်းသောမင်္ဂလာနှင့် ပြည့်စုံပြီး ၎င်းဈေးတွင်ရောင်းချသော ပစ္စည်းကို ဝယ်ယူပါက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကောင်းမွန်သည်ဟု ယူဆကာ မြို့သူ၊ မြို့သားများနှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာသူ၊ ကျေးရွာသားများ၊ ဧည့်သည်များနှင့် ကလေးမှစ၍ သက်ကြီးရွယ်အိုများအထိ လာရောက်လည်ပတ်၍ ဈေးဝယ်ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)