တံတားဦးမြို့နယ်တွင် မြေအောက်ရေဖြင့် စိုက်ပျိုးထားသော ထိုင်ဝမ်ပြောင်းဖူးများ အောင်မြင်ဖြစ်ထွန်း

တံတားဦး မတ် ၅

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ဒေသခံတောင်သူအချို့သည် ဖူးစားပြောင်း ဖြစ်သည့် ထိုင်ဝမ်ပြောင်းဖူးများကို မြေအောက်ရေကို အသုံးပြုပြီး စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။

ထိုင်ဝမ်ပြောင်းဖူးမှာအမျိုးစား အမျိုးမျိုးရှိသည့်အနက် နှင်းဆီဖြူ ဖူးစားပြောင်းကို အဓိကထား စိုက်ပျိုးကြကြောင်း၊ အဆိုပါ ဖူးစားပြောင်းသည် မိုးရာသီတွင် စိုက်ပျိုးပါက ရက်ပေါင်း(၈၀)ကျော်တွင်  ဖူးစားပြောင်းများ ဈေးကွက်သို့တင်ပို့ရောင်းချပြီး ဆောင်းရာသီနှင့်  နွေရာသီတို့တွင် စိုက်ပျိုးခဲ့ပါက ရက်ပေါင်း (၁၀၀) ကျော်တွင် ဈေးကွက်သို့ တင်ပို့နိုင်ပါကြောင်းနှင့် မြေအောက်ရေကို စက်ဖြင့်စုပ်ယူ၍ ရက်သတ္တပတ် တစ်ကြိမ် ရေပေးသွင်းရကြောင်း ထိုင်ဝမ်ပြောင်းဖူးစိုက်ပျိုးသူ ဦးအောင်ကျော်ထွန်းထံမှ သိရသည်။

ယခုအခါ ထိုင်ဝမ်ဖူးစားပြောင်းများကို ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ဖူးစားပြောင်း တစ်ဖူးလျှင် ငွေကျပ် (၄၀၀)ကျော် ရရှိပါကြောင်း၊ ထိုင်ဝမ်ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် မိသားစုအဆင်ပြေ လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ရဲတင့်( ပြန်/ဆက်)