ပြင်ဦးလွင် မတ် ၅
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယနေ့နံနက် ၁၁ နာရီက ပြင်ဦးလွင်မြို့၊ ဇီးပင်ကြီးရွာလယ်ဓမ္မာရု၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေ၏ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဌာန်းချက်များအား Power point ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင် ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဇီးပင်ကြီးကျေးရွာ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၂၁၅) ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)