မိုင်းပျဉ်း မတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ရှမ်းဘာသာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျောင်းလုံဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းသို့ တက်ရောက်ကြမည့် သားငယ်၊ သမီးငယ်လေးများက ကျောင်းလုံဘုန်းကြီး ကျောင်း ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တာည်ကြပြီး ဆရာတော်မှ သာဓုအနုမောဒနာတရားပြန်လည်မြွက်ကြားပေးသည်။ ဆက်လက်၍ ကျောင်းလုံကျောင်းဂေါပက ဦးစန္တိမာက သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းဘာသာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို စတင်သင်ကြားရာ ကျောင်းလုံကျောင်းမှ သံဃာများနှင့် ဓမ္မစကူးဆရာမတို့က အလှည့်ကျသင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ရှမ်းဘာသာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို နွေရာသီကျောင်းပိတ်ရက်ကာလ အတွင်း သင်ကြားဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ မိုင်းပျဉ်းမြို့ပေါ်ရှိ ကျောင်းလုံဘုန်းကြီးကျောင်းမှ ကိုရင်များနှင့် ရပ်ကွက် (၃) ခုမှ ကျောင်းသား၊ ကျောင်းသူအင်အားစုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး (ပြန်/ဆက်)