စဉ့်ကိုင် မတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာရှိ၊ EABC (Europe & Asia Beverage) Co. Ltd ဥရောပအချိုရည်စက်ရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို မတ်လ ၄ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်က အဆိုပါ စက်ရုံဝန်းအတွင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အတွင်းရေးမှူး ရဲမှူးသိန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊EABC (Europe Asia & Asia Beverage Co. Ltd)စက်ရုံမှ တာဝန်ရှိမန်နေဂျာများနှင့် စက်ရုံဝန်ထမ်းများ စုစုပေါင်းလူဦးရေ (၁၀၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဗိုလ်မှူးပြည့်ဖြိုးအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဌာန်းရခြင်း၏ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာအကြောင်းအရာများ၊ စစ်မှုထမ်းရမည့်အသက်အရွယ်အပိုင်းအခြားသတ်မှတ်ထားရှိမှု၊ ပြည်သူ့စစ်မှုထမ်းရန် ကြာမြင့်မည့်အချိန်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွဲပါကကျခံရမည့်ပြစ်ဒဏ်များ၊ ဥပဒေပါပြဌာန်းချက်များနှင့်စိုးရိမ်ရန်မလို စသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ကော်မတီများဖွဲ့စည်းထားရှိမှုအခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ လူမှုကွန်ယက်စာမျက်နှာများတွင် ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ကောလဟာလသတင်းများ ပြန့်နှံ့လာမှုအပေါ် ယုံကြည်မှုမရှိစေရန်နှင့် သတင်းမှန်များကို သိရှိစေရန် နိုင်ငံတော်မှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားရှိမှုအခြေအနေများအား လေ့လာဖတ်ရှုရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်က ပုဒ်မ၅၀၅(က) အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပါအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်အတူ အဖွဲ့ဝင်များ၊ စက်ရုံမန်နေဂျာများနှင့် တာဝန်ရှိသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)