နေပြည်တော် မတ် ၅
နေပြည်တော်ကုသရေးဦးစီးဌာန ဆေးနှင့် ဆေးပစ္စည်းဝယ်ယူရေးလုပ်ငန်းဆိုင်ရာအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကုသရေးဦးစီးဌာန ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ဆေးနှင့် ဆေးပစ္စည်းဝယ်ယူရာတွင် စနစ်တကျဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်သွားကြရန်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများကိုလည်း အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး အဆင့်ဆင့်ကြီးကြပ်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကြန့်ကြာမှုမရှိစေရေး၊ သတ်မှတ်ချိန်အတွင်း လုပ်ငန်း အပြီးသတ်ဆောင်ရွက်နိုင်ရေးကို တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ နေပြည်တော် (ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီး၊ သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ရောဂါအထူးကုဆေးရုံ၊ ကလေးရောဂါအထူးကုဆေးရုံ၊ အရိုးရောဂါအထူးကုဆေးရုံ၊ နေပြည်တော်ပြည်သူ့ဆေးရုံ (ခုတင်-၃၀၀)၊ ပျဥ်းမနားပြည်သူ့ဆေးရုံ (ခုတင်-၂၀၀)၊ လယ်ဝေးမြို့ ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀)၊ တပ်ကုန်းမြို့ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀) များမှ ဆေးရုံအုပ်ကြီးများက ဆေးဝါးဝယ်ယူရေးနှင့် တည်ဆောက်ရေး (ပြင်/ထိန်း) လုပ်ငန်းများနှင့်ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ရှင်းလင်းဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)