မြစ်သား မတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာအစိုးရပါဠိပထမပြန်စာမေးပွဲနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီက ရွှေမုဋ္ဌောဘုရား နန်းအိမ်သူဓမ္မဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃) ကြိမ် ရွက်ဆိုပြီး စတင်ဖွင့်လှစ်ကာ မန္တလေးတိုင်းဒေသကြီး သံဃာနာယကဆရာတော် ဘဒ္ဒန္တဃောသိတ (ဂန္တဝါစကပဏ္ဍိတ)မထေရ်မှ သရဏဂုံနှင့် ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က သာသနာရေးဆိုင်ရာ လျှောက်ထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော ပထမကြီးတန်းအောင် (၁)ပါး၊ ပထမငယ်တန်းအောင်(၈)ပါး၊ အခြေပြုမူလတန်းအောင်(၁၇)ပါး၊ ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော သံဃာတော်(၂၆)ပါးတို့အား ဌာနဆိုင်ရာကြီးအကဲများမှ အောင်လက်မှတ်နှင့်စာအောင်ဆုများ၊ ဝထ္တုငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး သံဃာနာယကဆရာတော် ဘဒ္ဒန္တဃောသိတ (ဂန္ထဝါစကပဏ္ဍိတ)မထေရ်မှ ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးတို့ကိုလည်း ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအောင်လက်မှတ်များ ပေးအပ်ချီမြှင့်ခဲ့ရာ ဆရာတော်၊ သံဃာတော်များအား လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြစ်ဆုံကြီးဆရာတော်ဘဒ္ဒန္တပုည(ဂန္ထဝါစကမဏ္ဍိတ)မထေရ်မှ သြဝါဒကထာချီးမြှင့်မှုကို ခံယူခဲ့ကြကာ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတုဟု (၃)ကြိမ်ရွက်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးသံဃာနာယက ဆရာတော်နှင့်မြို့နယ်သံဃာနာယကအဖွဲ့မှ ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များ၊ စာအောင်သံဃာတော်များ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအောင်လက်မှတ်ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)