တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သူငယ်တော်တွင် ပြုပြင်ခြင်းလုပ်ငန်းပြီးစီး

တံတားဦး  မတ် ၅

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သူငယ်တော်ကျေးရွာတွင် ကျောင်းသား/သူများ အေးခမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဟောင်းများအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်းသိရသည်။

တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သူငယ်တော်တွင် ကျောင်းဆောင်ပေါင်း (၇)ဆောင်ရှိသည့်အနက် အချို့စာသင်ဆောင်များမှာ ဆောက်လုပ်ခဲ့သည့်နှစ်ပေါင်း ကြာရှည်သည့်အတွက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါစာစောင်များထဲမှ အလျား (၄၇)ပေ၊ အနံ(၂၃)ပေ၊ အမြင့်(၁၂)ပေရှိ စိန်ပန်းဆောင်အား ဖောင်ဒေးရှင်းပြုလုပ်ပေးခြင်း၊ အုတ်စီခြင်း၊ (၃)လက်မကွန်ကရစ်ခင်းပေခြင်း၊ ပြတင်းပေါက်(၁၄)ပေါက်နှင့် တခါးမ(၂)ပေါက်တို့အား အသစ်လဲလှယ်ပေးခြင်း၊ အမိုးသွပ်များတပ်ဆင်ပေးခြင်းအတွက် ကောင်းဆုဆက် ကုမ္ပဏီမှ စုစုပေါင်းခန့်မှန်းကုန်ကျငွေကျပ်(၁၅.၈၂၀)ကျပ်သန်းဖြင့် ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

ထို့နောက် အဆိုပါကျောင်းတွင် အလျား(၇၀)ပေ၊ အနံ(၃၂)ပေ၊ အမြင့်(၁၂)ပေရှိ ကျွန်းရွှေဝါ အဆောင်အား အမိုးသစ်လဲလှယ်ပေးခြင်း၊ အုတ်စီ၍အခန့်ကန့်ပေးပြီး အခင်းပြုလုပ်ပေးခြင်းနှင့် ကျောင်းဆောင်အား ဆေးသုတ်ပေးခြင်းတို့အတွက် ထိုကုမ္ပဏီမှ စုစုပေါင်းခန့်မှန်း ကုန်ကျငွေကပ်(၁၆.၂၈၈) ကျပ်သန်းဖြင့် ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်မည်ကြောင်း အ.ထ.က(ခွဲ)၊ သူငယ်တော် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်း၏ ပြောကြားချက်အရ သိရသည်။

ရဲတင့်(ပြန်/ဆက်)