မိုးကောင်း မတ် ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဂျီ)၊ ပြင်းထန်ဝမ်း ပျက်ဝမ်းလျှော(ရိုတာ)၊ ဆုံစို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင် ကာကွယ်ဆေးများကို မွေးစမှ (၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် တစ်နှစ်ခွဲကလေးငယ်များအား အသက်အရွယ်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဆေးထိုးနှံတိုက်ကျွေးခြင်းများကို မတ်လ(၄)ရက်မှ စတင်ထိုးနှံလျက်ရှိပြီး နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီထိ တစ်ကြိမ်၊ နေ့လယ်(၁)နာရီမှ ညနေ(၃)နာရီထိတစ်ကြိမ် မြို့ပေါ်ရှိ (၁၀)ရပ်ကွက်အား ရပ်ကွက်အလိုက် ထိုးနှံပေးကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)