မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် နွေစပါးနှင့်အခြားသီးနှံစိုက်ဧက ၄၇၀ စိုက်ပျိုးသွားမည်

မိတ္ထီလာ မတ်လ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် နွေစပါးနှင့်အခြားသီးနှံစိုက်ဧက ၄၇၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။         

မိတ္ထိလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဒေသဝမ်စာဖူလုံရေးအတွက် ဆည်၊ ကန်၊ တမံများဖြင့် နှစ်စဉ်မိုးစပါးများနှင့် နွေစပါးများကို စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်နှင့် ရှမ်းမငယ်ဆည်ရေတို့ဖြင့် နွေစပါးသီးနှံကို မြို့နယ်အတွင်းရှိ ထမုန်ကန်၊ သီးကုန်း၊ မုန်တိုင်၊ ရှမ်းမငယ်ကျေးရွာအုပ်စု ၄ အုပ်စုရှိ ကျေးရွာ ၈  ရွာမှ တောင်သူ ၁၉၀ ဦးတို့က ကွင်း ၆ ကွင်းဖြင့် စိုက်ဧက ၃၀၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး အခြားသီးနှံကို မြာကျေးရွာအုပ်စု၊ ခင်တဲကျေးရွာအုပ်စု ၂ အုပ်စုရှိ ကျေးရွာ ၇ ရွာမှ တောင်သူ  ၁၁၇ ဦးက ကွင်း ၄ ကွင်းဖြင့် စိုက်ဧက ၁၇၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။  

အဆိုပါ နွေစပါးနှင့်အခြားသီးနှံများကို မိတ္ထီလာကန်ရေဖြင့် နွေစပါးစိုက်ဧက ၁၃၀၊ မုန်တိုင်ဆည်ရေဖြင့် နွေစပါးစိုက်ဧက ၁၂၀၊ ရှမ်းမငယ်ဆည်ရေဖြင့် နွေစပါးစိုက်ဧက ၅၀တို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းအပြင် ချောင်းကောက်ဆည်ရေဖြင့် နွေနှမ်းစိုက်ဧက ၁၂၀၊ ​ညောင်ကုန်းတမံဖြင့် နွေနှမ်းစိုက်ဧက ၅၀ တို့ကို စိုက်ပျိုးသွားရန် သတ်မှတ်လျာထားကြောင်း သိရသည်။                                                            

သိန်းမြင့်ကျော်(မိတ္ထီလာ)