မိုင်းဆတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် မတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်းရှိ မယ်ကြုတ်ကျေးရွာ၊ မဟုန်လွယ်ကျေးရွာနှင့် မအို့ကျေးရွာတို့တွင် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းမြင့်နိုင်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်နှင့် တာဝန်ရှိသူတို့က တောင်ယာမီးရှို့ရှင်းလင်းလေ့ရှိသည့် ရာသီရောက်တော့မည်ဖြစ်ရာ ကျေးရွာနေပြည်သူများအနေဖြင့် ကျေးရွာအလိုက် အလှည့်ကျစနစ်ဖြင့် တောင်ယာမီးရှို့ရေး၊ သဘာဝမီး၊ တို့မီး၊ ရှို့မီးနှင့် အခြားပေါ့ဆမီးများကြောင့် ဖြစ်ပေါ်လာသည့် ဒေသတွင်းမီးခိုးမြူငွေ့များ ကျရောက်နိုင်သည့် အခြေအနေများ၊  မဆင်မခြင်တောမီးရှို့ခြင်းအတွက် ရရှိလာမည့် ပြစ်မှုပြစ်ဒဏ်များ၊ ညစ်ညမ်းမီးခိုးငွေ့များကြောင့် ဖြစ်စေတတ်သည့် ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများ၊ ရေအရင်းအမြစ်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာများနှင့် မြေဆီလွှာထိန်းသိမ်းရေးနည်းလမ်းများကို အသိပညာပေးဟောပြောကာ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက သိရှိလိုသည့်များ ပြန်လည်မေးမြန်းခဲ့ကြရာ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)