မြစ်သား ပြည်လုံးအံ့ကျေးရွာတွင် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကျင်းပ

မြစ်သား   ဖေဖော်ဝါရီ   ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဒိုင်းကျေးရွာအုပ်စု၊ ပြည်လုံးအံ့ကျေးရွာတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေးလျှပ်စစ် ဓါတ်အားပေးဝေရေး ကော်ပိုရေးရှင်း အကူအညီ(NEP)အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်းပြီဖြစ်ပါ၍  မီးလင်းရေးအောင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြည်လုံးအံ့ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

မီးလင်းရေးဖွင့်ပွဲတွင် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း၊ ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟဇော်တို့က အမှာစကားပြောကြားကာ ကူမဲမြို့လျှပ်စစ်မန်နေဂျာ ဦးအောင်မိုးက လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေး နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းပြောကြားကာ လျှပ်စစ်မီးနှင့် ပတ်သက် သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းသိရသည်။ 

ထို့နောက် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကူမဲမြို့အုပ်ချုပ်ရေးမှူး၊ လျှပ်စစ်မန်နေဂျာနှင့် ကျေးရွာမီးလင်းရေးကော်မတီတို့က (၁၁) ကေဗွီဓါတ် အားလိုင်းမိုင် (၁.၆၂)မိုင် နှင့် (၁၁/၀.၄)ကေဗွီ (၁၀၀)ကေဗွီအေထရန်စဖော်မာ ဓါတ်အား ခွဲရုံအား ဖဲကြိုးဖြတ်စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ (၁၁)ကေဗွီ ဓါတ်အားလိုင်းမိုင်(၁.၆၂)မိုင်နှင့် ၁၁/၀.၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာဓါတ်အားခွဲရုံသည် အိမ်ထောင်စု(၂၀၀)နှင့် အိမ်ခြေ(၂၀၀)ကျော်အား လျှပ်စစ် မီးလင်းရေးအတွက် အကျိုးပြု ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် အိမ်သုံးမီတာ(၈၉) လုံးကို လည်း တပ်ဆင်ပေးခဲ့ကြောင်းသိရှိရသည်။

ဆုမွန်(မြစ်သားပြန်/ဆက်)