ပြင်ဦးလွင် မတ် ၄
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေး အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယနေ့ မွန်းလွဲ ၁၃ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၇) ရှိ ခရစ်တော်၏ အသင်းတော်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာပုံ၊ ဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဌာန်းချက်များအား Power point ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်း လင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကြီး (၇) အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်နေ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရသည်။
ဖြူလူသစ် (ပြန်/ဆက်)