ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဟောပြော၍ လမ်းပြကြယ်လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ပန်းတောင်း မတ် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဟောပြောပွဲကို၊ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနား မစတင်မီ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လမ်းပြကြယ် လက်ကမ်းစာစောင် များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒေသခံပြည်သူများထံ ဖြန့်ဝေပေးကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ အဖွဲ့အတွင်းရေးမှူး ရဲမှူး စိုးအောင်က နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများကို ဟောပြောဆွေးနွေးပြီး၊ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ မေးမြန်းမှုများအပေါ် မြို့နယ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးနောင်ထွန်းနီတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်ဦးကျေးရွာအုပ်စု၊ ကြက်ပစ်ကျေးရွာအုပ်စု၊ ရေငံကျေးရွာအုပ်စုနှင့် စင်မြင့်ကျေးရွာအုပ်စုတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၂၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပြီး၊ လမ်းပြကြယ် လက်ကမ်းစာစောင် စောင်ရေ (၁၅၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)