သာကေတ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အခြေခံကဗျာရေးစပ်နည်း သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူက နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ အကျိုးရှိစေရန် အတွက်နွေရာသီ အခြေခံသင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး အခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းနည်းပြဆရာ နေမင်းချိုက သင်တန်းစည်းမျဥ်းစည်းကမ်းများကိုလည်းကောင်း၊ အခြေခံကဗျာရေးစပ်နည်းသင်တန်းနည်းပြ မြို့နယ်စာရေးဆရာအသင်းဝင် ဆရာမနန်းဟင်းပြင်းက သင်တန်းစည်းမျဥ်းစည်းကမ်းများကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စာရေး ဆရာအသင်းဝင်၊ အလယ်တန်းကျောင်းအုပ် (ငြိမ်း) ဆရာမ ဇွန်ဖြူ (ပညာရေး) က မုဒိတာစကားချီးမြှင့်ခဲ့ပြီး နွေရာသီအခြေခံသင်တန်းများဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ အကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် အထက်တန်းအဆင့် အခြေခံကဗျာ ရေးစပ်နည်းသင်တန်းအား အပတ်စဥ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် နေ့လယ် (၁) နာရီမှ (၂) နာရီအထိလည်းကောင်း၊ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းအား အပတ်စဥ် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များတွင်နံနက် (၁၀) နာရီမှ (၁၂) နာရီအထိလည်းကောင်း (အခမဲ့) သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)