တာလေ မတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အများပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများပူးပေါင်း၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးလေမိုးနိုင် ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလိုစသည့်ခေါင်းစဉ်ပါ အကြောင်းအရာများ၊ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမ၌ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်းမှ ''ဖြစ်ရမယ့်တာဝန်''ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်စသည့်ခေါင်းစဉ်များဖြင့် အသေးစိတ်ဖော်ပြချက်များပါဝင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များအား မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာနေရာများနှင့် ကျိုင်းတုံ-တာချီလိတ်ပြည်ထောင်စုလမ်းမတစ်လျှောက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ''ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ'' သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) က စောင်ရေတစ်သိန်းအခမဲ့ထုတ်ဝေခြင်းဖြစ်ပြီး တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စောင်ရေ (၂၂၀) အား ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)